ဆီဆိုင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဆီဆိုင် မေ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ဆီဆိုင်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “ကျောင်းအပ်နှံဖို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးလှဝင်းက ကျောင်းအပ်နှံရေးနှင့်ပတ်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်မှ အခြေခံကျောင်းများသို့ အခမဲ့ထောက်ပံ့ပေးသည့် ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့ကြပြီး ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)