သပိတ်ကျင်း မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ကဘဲ့ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက "ကျောင်းအပ်ကြပါစို့" သီချင်းကိုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဆောင်ပုဒ်ဖြစ်သည့် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားစေနိုင်ရေး ကျောင်းသုံးစာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များ၊ ကျောင်းဝင်ကြေးများ အားလုံးကို (အခမဲ့) ထောက်ပံပေးလျက်ရှိရာ ဆရာ/ဆရာမများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိသားသမီးများသာမက မိမိပတ်ဝန်းကျင်ရှိ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံစေရေး စည်းရုံးဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းမောင်ကကျောင်းအပ်နှံရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ပညာရေးသည် တိုင်းပြည်၏အနာဂတ်ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာတတ်မြောက်ရေးသည် အရေးကြီးကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာသင်ယူခွင့်ရရှိရေးသည် ကလေးများ၏အခွင့်အရေးဖြစ်ကြောင်း၊ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဋ္ဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်နှင့် ဋ္ဌာနဆိုင်ရာတာဝန်ရှိသူတို့က နိုင်ငံတော်က ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပစ္စည်းကိရိယာများအား ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရေးဌာနလက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြသည်။
စိုးနိုင်ဝင်း