ဒလ မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့ နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်း(လွန်) ကျောင်းများသို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ် ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ခေါင်းဆောင်၍ ရွှေလှေချောင်ကျေးရွာရှိ အခြေခံပညာ မူလတန်း (လွန်)ကျောင်းနှင့် သမ္ဘာန်ချောင်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်) ကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေး မဝေးဖို့ကျောင်းအမြန်အပ်နှံစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ၂၃ရက်နေ့ မှ မေလ ၃၁ရက်နေ့အထိ သတ်မှတ်ပြီး ကျောင်းအပ်နှံမှု လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့အပ်နှံရန်၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့အပ်နှံရန် နှင့်ကျောင်းအပ် နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှု မရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံစတို့ကို ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ (အခမဲ့)ထောက်ပံ့ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထိုပညာရေးစစ်ကြောင်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်၊၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနတို့မှ တာဝန်ရှိသူတို့က ကျောင်းအပ်နှံခြင်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခြင်း၊ ကောင်းမွန်သောအစီအစဉ် ဖြစ်စေရန် အကြံပြုလမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဇော် (ပြန်/ ဆက်)