တွံတေး မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် တွံတေးတူးမြောင်းအနောက်ဘက်ခြမ်းရှိ ပသီကျေးရွာအုပ်စု၊ ကျွဲလမ်းကျေးရွာ ကျွဲလမ်းချောင်းတံတားကိုတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် ခိုင်ခံ့လှပစွာ တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။
အဆိုပါကျွဲလမ်းချောင်းမှာ ယခင်က ဝါးဘိုးလုံးဖြင့် နှစ်စဥ်အရှည် ပေ ၁၅၀ကို နှစ်ပေါင်း ၅၀ ကျော်ထိ နှစ်စဥ်ထိုးလာရသော ဝါးတံတားအဆင့်ကနေ ၂၀၀၈ ခုနှစ်တွင်အလှူရှင် ဦးကြည်ဝင်းမိသားစုက အရှည်ပေ ၁၅၀ အကျယ်၆ပေ အမြင့်၁၂ပေကွန်ကရစ် အာရ်စီတံတားသစ်ကိုတည်ဆောက်ပေးခဲ့ကြောင်းသိရသည်။ ယခုအခါ တိုင်းဒေသကြီးအစိုးရမှ နှစ်လမ်းသွားကွန်ကရစ်တံတားကြီးကို တည်ဆောက်ပေးခဲ့သည်။
ကျွဲလမ်းကျေးရွာမှ ဒေသခံတစ်ဦးကလည်း "ယခင်က တွံတေးတူးမြောင်းအနောက်ဘက်ခြမ်းက မတိုးတက်သေးဘူး။ ကျေးရွာချင်း ဆက်လမ်းလည်းမရှိဘူး။ ၂၀၀၈ ခုနှစ်နောက်ပိုင်းကျမှ မြဂိုးကနေ တွံတေးဝကျေးရွာအထိ ကျေးရွာချင်းဆက်မြေသားလမ်း ပေါ်ပေါက်လာတယ်။ တံတားတွေကတော့ ဒေသထွက်ဝါးနဲ့ ဝါးတံတား (ယာယီ)ပွင့်လင်းရာသီ( ဆောင်း၊နွေ)မှာ တစ်ရွာနဲ့တစ်ရွာ သွားလာလို့ရအောင် ကျေးရွာများက မိမိသက်ဆိုင်ရာ ချောင်းအလိုက် စုပေါင်းဆောင်ရွက်ကြတာပါ။ အဓိက သွားနေရတာကရေလမ်းဘဲသွားကြတယ်။ ရေလမ်းက အန္တရာယ်တော့ရှိတယ်ညဘက်ကျန်းမာရေးကိစ္စဖြစ်ခဲ့ရင် အန္တရာယ်ကြားကဘဲ မိမိလူနာအသက်ရှင်ရေး သွားကြရတယ်။ အခုဆိုရင် ကျေးရွာချင်းဆက်မြေသားလမ်းတွေ ပြီးစီးသည့်အပြင် ကျေးရွာတွေအားလုံး လျှပ်စစ်မီးရောက်နေပါပြီ။ အခု နိုင်ငံတော်က တွံတေးတူးမြောင်းအနောက်ဘက်ခြမ်းရှိ ကျေးရွာများ အခြားကျေးရွာများကဲ့သို့ ဖွံဖြိုးတိုးတက်လာစေရေးအတွက် အကြီးဆုံးတံတားများဖြစ်သော တူးချောင်းကြီးချောင်းတံတား၊ ကျွဲလမ်းချောင်းတံတား တည်ဆောက်ပြီးသွားပါပြီ။တူးချောင်းလေးချောင်းတံတား အရှည်ပေ၉၀ရှိတဲ့ တံတားကတော့တည်ဆောက်နေဆဲပါ။ ကျေးရွာတွေလျှပ်စစ်မီးရလို့မြို့နှင့်မခြား လူနေမှုဘဝများတိုးတက်လာပါတယ်။ အခုလို ဒေသဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးလို့ ကျေးရွာရှိ ပြည်သူများက ဆောင်ရွက်ပေးသူ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်နေကြပါတယ်။ ပြီးစီးသွားသော တံတားများရေရှည်တည်တံခိုင်မြဲရေး ကျေးရွာရှိပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုပါတယ်"ဟု ဒေသခံတစ်ဦးဖြစ်သူဦးလှဝင်းက ပြောကြားခဲ့သည်။
တွံတေးတူးမြောင်းအနောက်ဘက်ခြမ်းဖွံဖြိုးတိုးတက်ရေးအတွက် ကျွဲလမ်းချောင်းတံတားကို ၂၀၂၂ ခုနှစ် သြဂုတ်လမှာစတင်တည်ဆောက်ခဲ့ရာ တံတားအရှည်ပေ(၁၅၀)၊ အကျယ်ပေ (၂၀ပေ၈လက်မ)၊ ရေလမ်းကင်းလွတ်အမြင့်ပေမှာ ရေအတက်ဆုံးအချိန် (၆)ပေဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျက်ကျပ်သန်း (၄၈၀)ဖြင့် သံကူကွန်ကရစ် ဘိုးပိုင်ဖြင့် ၂၀၂၃ ခုနှစ် ဧပြီလတွင်တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပသီကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၅၀၀ ခန့်လူဦးရေ ၅၀၀၀ ကျော်နေထိုင်ကြကာ အဓိကမိရိုးဖလားလုပ်ငန်းဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး တို့ကိုလုပ်ကိုင်ကြသည်။
အဆိုပါတံတားသစ်ကြီးပြီးစီးသွားသည့်အတွက် တွံတေးမြို့တစ်ဖက်ကမ်း မြဂိုးမှတစ်ဆင့် ခမုန်ခ၊ တူးချောင်းကြီး၊ ကျွဲလမ်း၊ တူးချောင်းလေး၊ ပေါင်စိန်၊ ပသီ၊ မိုင်၂၀အနောက်၊မိုင်၂၀အလယ်၊ သဲကုန်း၊ ကဇွန်းကုန်း၊ တွံတေးဝစသည့် ကျေးရွာများမှ ပြည်သူ (၂၀၀၀၀)ကျော် ယခင်ရေလမ်းကိုသာ အားကိုးအားထားပြုရာမှ တံတားများ၊ ကျေးရွာချင်းဆက်လမ်းများအဆင့်မြင့်တင်ပြီးပါက ဒေသခံပြည်သူများ၏ ဒေသထုတ်ကုန်များဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းထွတ် ထုတ်ကုန်များ၊ မွေးမြူရေးလုပ်ငန်းမှထွက်ရှိမည့် မွေးမြူရေးထုတ်ကုန်များကို တွံတေးတူးမြောင်းအနောက်ခြမ်းမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်နိုင်မှာဖြစ်ပြီးဒေသခံပြည်သူတွေ့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝများ ဖွံဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဒေသခံပြည်သူများ ဝမ်းသာပီတိဖြစ်နေကြကြောင်း သိရသည်။
တွံတေးသား (ပြန်/ ဆက်)