သပိတ်ကျင်းမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေ

သပိတ်ကျင်း   အောက်တိုဘာလ   ၇

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါဝင်ခြင်းရှိ/မရှိ၊ ဆန္ဒမဲပေးခွင့်များ မဆုံးရှုံးစေရေးရည်ရွယ်၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ဝေသည့် လက်ကမ်းစာစောင်များနှင့်ပိုစတာများဖြန့်ဝေခြင်းကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီသတ်ဦးစီးဌာနတို့မှ ပြည်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” ခေါင်းစဉ်ဖြင့် ယခုအကြိမ်မှာ နောက်ဆုံးအခွင့်အရေးဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲဆန္ဒ ရှင်စာရင်းများ၌ မိမိအမည်စာရင်းကို လွယ်ကူစွာ ရှာဖွေနိုင်ရန် အကြံပြုချက်များ၊ Online မှတဆင့် မဲစာရင်းများ စစ်ဆေးရန်နည်းလမ်းများ၊ COVID-19 ရောဂါ ဘေးကင်း လုံခြုံရေးလမ်းညွှန်ချက်များ စသည့် အချက်များဖော်ပြပါရှိကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲပေးခွင့်ရှိသူများ၏အမည်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ နောက်ဆုံးအကြိမ် ကြေညာကပ် ထားပြီဖြစ်သဖြင့် ပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး မဲဆန္ဒရှင်စာရင်းများ သွားရောက်ကြည့်ရှု့ရန် အသိပေးသည့်အနေဖြင့် အသိပညာပေးပိုစတာများကို ဖြန့်ဝေခဲ့ပေးခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း(ပြန်/ဆက်)