ဗန်းမော် မေ ၃၁
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲက ဗန်းမော်တက္ကသိုလ် (ဘောလုံးကွင်း)၌ ပျိုးပင်ပေါင်း(၄ဝဝ) ပင်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ တက္ကသိုလ်မှ ဆရာ၊ ဆရာမများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင် တို့က ပျိုးပင်များကို ဖြန့်ဝေပေးပြီး ဗန်းမော်တက္ကသိုလ် ပါမောက္ခ ဒေါက်တာ နေသွယ်ကြည်နှင့် ဆရာဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဗန်းမော်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မော်ဦးနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကျွန်း(၅ဝ)ပင်၊ ပျဉ်းကတိုး(၁၅၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ ခရေ(၅၀)ပင်နှင့် ယမနေ(၅၀)ပင် စုစုပေါင်းပျိုးပင် (၄၀၀)ပင် တို့ကို သတ်မှတ်နေရာအသီးသီး၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)