မိုင်းယု မေ ၃၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မိုးအစေ့ထုတ်ပြောင်းများကို မိုးဦးကျပြီးနောက် စတင်စိုက်ပျိုးလျက်ရှိရာ ယခုအခါ မိုးဦးစိုက်အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းနေလျက်ရှိသည်။
မိုင်းယုမြို့ရှိ ဒေသခံတောင်သူများမှာ ပြောင်းကို တန်ခူးလဆန်းပိုင်း(သင်္ကြန်မိုးဦး)ကျသည်နှင့် စတင်စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးကြသည့်မျိုးများမှာ Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 မျိုးများဖြစ်ပြီး ၎င်းမျိုးများမှာ အထွက်နှုန်းပိုကောင်း၍ တောင်သူများ ကြိုက်နှစ်သက်သည့် ပြောင်းမျိုးစေ့များဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီဟူ၍ တစ်နှစ်လျှင် နှစ်ရာသီသာစိုက်ပျိုးလျက်ရှိပြီး မိုးရာသီကိုသာ အဓိက အားထားစိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ် မိုးအစေ့ထုတ်ပြောင်း အခြောက်တစ်ကီလိုလျှင် ငွေကျပ် ၆၉၀ ထိရရှိပြီး ကီလို ၅၀ပါ တစ်အိတ်လျင် ၃၄၅၀၀ ကျပ်ရရှိပါကြောင်း တောင်သူက ပြောသည်။
မိုင်းယုဒေသရှိ တောင်သူများမှာ မိမိတို့ တောင်ယာခြံမြေများတွင် ရာသီအလိုက်စီးပွားဖြစ်ပြောင်း၊ ဖရုံနှင့်ငရုတ်ကို အဓိကအားထားစိုက်ပျိုးလျက်ရှိပြီး တစ်ပိုင်တစ်နိုင် အသီးအနှံများဖြစ်သည့် ကြက်သွန်၊ ပဲပုတ်၊ မြေပဲ၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ရွှေပဲရွက်၊ သခွာပင်နှင့်ခရမ်းချဉ်တို့ကို အနည်းငယ်စီစိုက်ပျိုးကာ ဒေသတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်