မောက်မယ်မြို့နယ် အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မောက်မယ် မေ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မောက်မယ် အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(မောက်မယ်)မှကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်ပြီး လင်းခေးခရိုင်ပညာရေးမှူး ဦးညီညီက အဖွင့်အမှာစကား ပြောကြားရာတွင် “ကျောင်းနေအရွယ်ကလေးများ ကျောင်းသို့ ရောက်ရှိရေး၊ ကျောင်းနေ အရွယ်ကလေးများ မည်သည့်ခွဲခြားမှုမျိုးမရှိရေး၊ တက်ရောက်လာသော ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသားမိဘ များအားလုံး ကျောင်းအပ်နှံရေးတွင် အားလုံးပူးပေါင်းပါဝင်ပေးရန်” ပြောကြားပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က “ယနေ့ခေတ် ကျောင်းသား/ ကျောင်းသူလေးများကို အရည်အသွေးပြည့်ဝသော နိုင်ငံသားကောင်းရတနာများ ဖြစ်ပေါ်လာစေရေး၊ ပညာခေတ်ဖြစ်သောကြောင့် ပညာတတ်မှသာ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးဗလာစာအုပ်များ၊​ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ခဲတံ/ဘောပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ လင်းခေးခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်အတွင်းအခြေခံပညာကျောင်းများ ရှိကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)