မိုင်းယု မေ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်း၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းယုမြို့ ခေတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူး၊ မြို့ဆရာဝန် ဒေါက်တာဟန်စိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်း၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ပြီး ကျောင်းရှိ ရေစည်၊ ရေအိုးများ၊ ရေကန်များ၊ ရေများတင်ကျန်ရှိနိုင်သည့် တာယာဟောင်းများနှင့် ပန်းအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယုမြို့၌ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့ကစတင်၍ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အားချာ