ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သီတင်းသုံးလျက်ရှိသည့် ရဟန်း၊ သာမဏေ၊ သီလရှင်အပါး ၁၀၀၀ တို့အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း

နေပြည်တော် မေ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်အပါး ၁၀၀၀ တို့အား မြို့နယ်အလိုက် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန နှင့် နေပြည်တော်/ခရိုင်/မြို့နယ် သာသနာရေးမှူးရုံးတို့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ် ၈ မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်း တို့တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၂၀၀ ပါး တို့အား မဟာဓမ္မိကာရာမအုန်းတောပရိယတ္တိ စာသင်တိုက်၌လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၅၀ ပါး တို့အား မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၌လည်းကောင်း၊ လယ်ဝေးမြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၂၅၀ ပါးအား အင်တိုင်းသာကျောင်းတိုက်၌လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၅၀ ပါးတို့အား ရွှေမြိုင်ပရိယတ္တိစာသင်တိုက်၌လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၁၀၀ ပါးတို့အား ဝဇိရာနန္ဒသုဗောဓာရုံ ပရိယတ္တိစာသင်တိုက်နှင့် ရာဇဓာနီသာမဏေကျော်ပရိယတ္တိစာသင်တိုက်တို့၌ လည်းကောင်း၊ တပ်ကုန်းမြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၂၀၀ ပါးတို့အား ငွေတောင်တောရစာသင်တိုက်၌ လည်းကောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၅၀ ပါးတို့အား ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၌ လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် ၁၀၀ ပါးတို့အား အောင်စည်သာ ပရိယတ္တိစာသင်တိုက်နှင့် ထူးကြီးပရိယတ္ တိစာသင်တိုက်တို့၌ လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်၊ မဟာဓမ္မိကာရာမအုန်းတောပရိယတ္တိ စာသင်တိုက်၌ ရဟန်း၊ သာမဏေ၊ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သွားရောက်ကြည်ညို အားပေးခဲ့ပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shenzhen ဗုဒ္ဓဘာသာအဖွဲ့ အတွင်းရေးမှူးနှင့် တောင်တရုတ်ပင်လယ် တရုတ်ဗုဒ္ဓဘာသာ ဒုတိယဥက္ကဋ္ဌ Honfa ဘုန်းတော်ကြီးကျောင်း ဆရာတော် Venerable Master Yinshun တို့ကိုယ်စား တရုတ်ကုန်သည်ကြီးများအသင်းက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသော ဆရာတော်ကြီးများထံ ဆေးလုံးရေ ၅၀၀၀ ကို လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးများအနက် ဆေးလုံးရေ ၅၀၀ ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သီတင်းသုံးလျက်ရှိသည့် သံဃာတော်နှင့် သီလရှင် ၁၀၀၀ ပါးတို့အား ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)