နေပြည်တော် မေ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အများပြည်သူများမှ လှူဒါန်းသော ယဉ်ကျေးလိမ္မာ စာအုပ်များ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပညာရေးမှူးများနှင့် အဆင့်မြင့်ပညာကျောင်း၊ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နောင်အနာဂတ် နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအား လိမ္မာယဉ်ကျေးမှုရှိစေရန်၊ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် ၃၈ ဖြာမင်္ဂလာ တရားတော်နှင့်အညီ ပြုမှုကျင့်ကြံနေထိုင်တတ်စေရန်အတွက် သင်ကြားပေးနိုင်ရန်ရည်ရွယ်၍ ယဉ်ကျေးလိမ္မာစာအုပ်များကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်များဖြစ် လာစေရန်အတွက် သင်ကြားပေးစေလိုကြောင်း၊ ဆရာကြီးဆရာမကြီးများအနေဖြင့် အနာဂတ် သားငယ်သမီးငယ်များကို ယဉ်ကျေးလိမ္မာမှုရှိပြီး အမြင်ကျယ်ကျယ်ဖြင့် အမြင့်ကိုရောက်စေဖို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများကို နွေရာသီကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဝင်းက အမှန်တစ်ကယ် စာတတ်မြောက်၍ မျိုးချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်ရှိသည့် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးရေးနှင့်ကောင်းမွန်သော အသိပညာ၊ ကောင်းသော အလေ့အကျင့် များကို ထက်၊ လယ်၊ မူ သင်ရိုးတွင် ချိတ်ဆက်ထည့်သွင်း အသိပညာပေးရေး ခေါင်းစဉ်ဖြင့် စာတမ်းအား ဖတ်ကြားဆွေးနွေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဆင့်မြင့်ပညာဦးစီးဌာန (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်း)မှ ဆရာ/ဆရာမ ၅၂၅ ဦးအတွက် ယဉ်ကျေးလိမ္မာစာအုပ် ၅၂၅ စုံကို သစ်တောတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်ထံ လည်းကောင်း၊ စာတမ်း ဖတ်ကြားဆွေးနွေးပေးခဲ့သည့် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဝင်းအား ဂုဏ်ပြု မှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်သည်။
ထို့နောက် အလှူရှင်များက ယဉ်ကျေးလိမ္မာစာအုပ်များအား အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမ ၁၁၇၉ ဦး အတွက် ၁၁၇၉ စုံကိုလည်းကောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းများမှ ဆရာ/ဆရာမ ၂၉၅၇ ဦးအတွက် စာအုပ် ၂၉၅၇ စုံ ကိုလည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ/ဆရာမ ၅၀၀၀ ဦးအတွက် စာအုပ် ၅၀၀၀ စုံကို လည်းကောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများမှ ဆရာ/ဆရာမ ၂၄၃ ဦးအတွက် စာအုပ် ၂၄၃ စုံကိုလည်းကောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ဆရာမ ၆၄၄ ဦးအတွက် စာအုပ် ၆၄၄ စုံကိုလည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ယဉ်ကျေးလိမ္မာစာအုပ်များပေးအပ်ခြင်းနှင့်ပတ်သက်၍ အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများ ကိုယ်စား အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်အုပ်ဆရာမကြီး ဒေါ်သက်သက်သင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက (၃၈)ဖြာ မင်္ဂလာကဗျာသီဆိုဖျော်ဖြေကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အလှူရှင်များက ဂုဏ်ပြုဆုငွေများပေးအပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အများပြည်သူများမှလှူဒါန်းသော ယဉ်ကျေးလိမ္မာစာအုပ်များကို အဆင့်မြင့်ပညာကျောင်း (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်း) ရှစ်ကျောင်း၊ အခြေခံပညာကျောင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၂၈ ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၅၇ ကျောင်းတို့မှ ဆရာ/ ဆရာမ ၁၀၅၄၈ ဦးတို့အတွက် စာအုပ်အစုံ ၁၀၅၄၈ စုံကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)