ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် စိန်ရတုအထိမ်းအမှတ် ပိဋကတ်သုံးပုံအား ဆင်ရတနာဖြင့် လှည့်လည်ပူဇော်မည်

ရန်ကုန် မေ ၃၀

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်အား ဒုတိယကမ္ဘာစစ်အပြီးပြန်လည်တည်ထားကိုးကွယ်ခဲ့သည်မှာ (၇၅)နှစ်ပြည့်စိန်ရတုအထိမ်းအမှတ်ဓမ္မပူဇာအဖြစ် အင်္ဂလိပ်ဘာသာပြန် ပိဋကတ်သုံးပုံအား ဆင်ရတနာဖြင့် စေတီတော်ကားပတ်လမ်းအတိုင်း လက်ယာရစ်လှည့်လည်ပူဇော်၍ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းပွဲကို ဇွန် ၁ ရက် နံနက် ၈ နာရီတွင် နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပူဇော်ပွဲတွင် မေ ၂၈ ရက်မှ ဇွန် ၁ ရက်ထိ အသံမစဲမဟာပဋ္ဌာန်းတော်ကြီးရွတ်ဖတ်ပူဇော်ခြင်း၊ ဇွန် ၁ ရက်တွင် အင်္ဂလိပ်ဘာသာပြန်ပိဋကတ်သုံးပုံအား ဆင်ရတနာဖြင့်ပင့်ဆောင်၍ စေတီတော်ကြီးရှေ့ပတ်လမ်းမှ လက်ယာရစ်လှည့်လည်ပူဇော်ခြင်း၊ ဗုဒ္ဓပူဇာ၊ သံဃပူဇာအဖြစ် ဇွန် ၂ ရက်တွင် ဆရာတော်၊ သံဃာတော် ၇၅ ပါးဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ၊ ဆွမ်း၊ သစ်သီးများကပ်လှူပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)