ကွတ်ခိုင် မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီ အချိန်က အမှတ်(၂)ရပ်ကွက်၊ ဧဒင်ခန်းမတွင် ပြုလုပ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှိုင်မင်းစိုးက တွေ့ဆုံပွဲပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်လုံခြုံရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်း၏ လှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ကွတ်ခိုင်တပ်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် ရပ်ကွက်နေပြည်သူများက ရပ်ကွက်အတွက် လိုအပ်ချက်များအား ပြန်လည်ရှင်းလင်း တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)