ကျောက်ဖြူ မေ ၃၀
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဗဟိုစာရင်းအင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား စာရင်းအမှန်ရရှိရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရေး ရှင်းလင်းဆွေးနွေးကြသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးက တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ အနေဖြင့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် မိမိတို့၏ဌာနပိုင် အဆောက်အဦများကို ဒေသန္တရပေါက်ဈေးဖြင့် တွက်ချက်ပြီး မှန်မှန်ကန်ကန် တိတိကျကျစာရင်းပြုစုကာ တွက်ချက်တင်ပြကြစေလိုကြောင်း၊ တွက်ချက်တင်ပြရာတွင်လည်း အဆောက်အဦ၏ အလျား×အနံ×အမြင့် စသည့် အင်ဂျင်နီ ယာ တွက်ချက်မှုများ ပါရှိရမည်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စာရင်းများ ကို မှန်ကန်တိကျမှုရှိစွာဖြင့် စနစ်တကျစိစစ်ပြီးမှသာ တင်ပြရမည်ဖြစ်ကြောင်း၊ ပျက်စီးမှုစာရင်းများကို မှတ်တမ်းဓာတ်ပုံများနှင့်အတူ မှန်ကန်စွာဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့မှ တွက်ချက်တင်ပြမှုအပေါ် အတည်ပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးရဲလင်းမောင်က မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့် ဌာနဆိုင်ရာများ၏ လိုအပ်လျက်ရှိသော ပစ္စည်းများအား စာရင်းကောက်ယူရာတွင် မှန်ကန်မှုရှိစေရေးအတွက် မိမိတို့ဌာနအလိုက် တင်ပြပေးစေလိုကြောင်း ပြောကြားရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ မိမိတို့ဌာန အသီးသီး၏ ပျက်စီးမှုအခြေအနေများကိုတင်ပြခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)