မအီမြို့တွင် ရာသီပေါ်ဦးစ ဒေသထွက်ရင်ကွဲသရက်သီးများ ဈေးကောင်းရရှိ

မအီ    မေ    ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရာသီပေါ် ဒေသထွက်ရင်ကွဲသရက်သီးများမှာ အခြားသရက်သီးများ လှိုင်လှိုင်မပေါ်မီရောင်းချရ၍ ဈေးကောင်းရရှိကြောင်း သရက်သီး လာရောက်ရောင်းချသူ တောင်သူများမှ သိရသည်။

အဆိုပါ ရင်ကွဲသရက်သီးအလုံးရေ (၁၀၀) ကို လက်ကားဈေး ၃၅၀၀၀ ကျပ် ရောင်းချရပြီး လက်လီဈေးအနေဖြင့် အလုံးအကြီးအသေးလိုက်၍ တစ်လုံးကို ၅၀၀ ကျပ်နှင့် ကျပ်တစ်ထောင်း ဖိုးကို သုံးလုံးနှုန်းထားများဖြင့် မအီမြို့မဈေးတွင် ရောင်းချရကြောင်း သိရသည်။ မိမိတို့ ဒေသထွက်သရက်သီးများမှာ ယခုလို မိုးဦးရာသီမှာ ပေါ်ဦးပေါ်စအချိန်၌သာ ဈေးကောင်ရရှိ ရောင်းချရခြင်းဖြစ်ကြောင်း၊ သရက်သီးလှိုင်လှိုင်ပေါ်ချိန် ဇူလိုင်လလောက်တွင် အခုလိုဈေးကောင်းမရရှိတော့ဘဲ အလုံးရေ ၁၀၀ ကို ၁၅၀၀၀ ကျပ်လောက်သာ ရရှိပါကြောင်း၊ ရင်ကွဲသရက်သီးနှင့် အခြားသရက်သီးမျိုးစိပ်များကို မအီမြို့နယ်အတွင်းရှိ အညင်းတောင်၊ လက်ပံ၊ ဆံထုံး၊ သဒွန်၊ ဝက်ရ၊ ချက်ဖောက်၊ ကုန်ဘောင် စသည့်ကျေးရွာများက စိုက်ပျိုးကြ၍ ခန့်မှန်းဧက(၃၀)ခန့်ရှိမည်ဖြစ်ပြီး တစ်ဧကလျှင် သရက်သီးအလုံးရေ (၈၀၀၀)ခန့် ထွက်ရှိပါကြောင်း၊ရင်ကွဲသရက်သီများကို  မေလဆန်းပိုင်းမှစတင်၍ မအီမြို့၊ တောင်ကုတ်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ တင်ပို့ရောင်းချကြ ကြောင်း လက်ပံကျေးရွာမှ ရင်ကွဲသရက်သီး လာရောက်ရောင်းချသူ ဦးထွေးကြည်က ပြောကြားသည်။

ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မိသားစုများ ကိုယ်တိုင်စိုက်ပျိုး စားသုံးမှုများ တိုးမြှင့်လာကြစေရန် လိုအပ်သည့် ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် နှစ်ရှည်ပျိုးပင်များကို တောင်သူများသို့ အားပေးကူညီ ဖြန့်ဝေပေးလျက်ရှိရာ မအီမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မအီချောင်းရေကိုတင်၍လည်းကောင်း၊ မြေအောက်ရေတူးဖော်၍လည်းကောင်း စိုက်ပျိုးရေးလုပ်ငန်းများကို ယခင်ကထက် တိုးချဲ့ဆောင်ရွက်လာကြကြောင်း မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)