မြစ်ကြီးနား မေ ၃၁
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မြစ်ကြီးနား သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်း (၂)ကျောင်းတို့မှ ပထမနှစ် သင်တန်းသား/ သင်တန်း သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက သူနာပြုသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းခံရကြသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် အခြေခံအရည်အချင်းစစ် စာမေးပွဲကို ကြိုးစား အားထုတ်သင်ယူအောင်မြင်ခဲ့သဖြင့် ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီး လေ့လာသင်ယူကြ မည့် စာတွေ့လက်တွေ့ ပညာရပ်များကိုလည်း အစွမ်းကုန်ကြိုးစားအားထုတ် သင်ယူကြစေလို ကြောင်း၊ သူနာပြုအတတ်ပညာများ ကျွမ်းကျင်အောင် လေ့လာဆည်းပူးခြင်း၊ သူနာပြုကျင့်ဝတ်များ ကို စောင့်ထိန်းခြင်းဖြင့် မိမိတို့ သင်ယူတတ်မြောက်ခဲ့သော သူနာပြုစုမှု အတတ်ပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးကို အရည်အသွေးပြည့်ဝစွာ စောင့်ရှောက်မှုပေးနိုင်ရေး ကြိုးစားအားထုတ်ကြရန် လို ကြောင်း မှာကြားသည်။
ထို့နောက် သူနာပြုသင်တန်းကျောင်းအုပ် ဒေါ်ဆမီထခေါန်ဆားရ်က သူနာပြုသင်တန်းကျောင်းမှ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းဆိုင်ရာများ၊ သင်တန်းကျောင်း၏ သင်ကြားရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ကြီးနှင့် သင်တန်းကျောင်း စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များက သူနာပြု-သားဖွားသင်တန်းကျောင်းတို့မှ ပထမနှစ် သူနာပြု သင်တန်းသား (၃)ဦးနှင့် သင်တန်းသူ (၄၃)ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပေးခဲ့ကြရာ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းခံရသော သင်တန်းသား/သင်တန်းသူများက သူနာပြုသစ္စာ အဓိဌာန်ရွတ်ဆိုခြင်းနှင့် ဂရုဏာအလင်း သီချင်းကို ဂုဏ်ယူစွာဖြင့် သီဆိုခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ်သင်တန်း၌ ထူးချွန်သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သင်တန်း သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သူနာပြုသင်တန်းကျောင်းရှိ စာကြည့်တိုက်၊ သင်ကြားရေး သရုပ်ပြပစ္စည်းများပြခန်းနှင့် ကွန်ပျူတာသင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းဘေးသင့်ဒေသများအတွက် ကူညီထောက်ပံ့နိုင်ရေး အလှူငွေပေးအပ်လှူဒါန်းမှုကို ကျင်းပပြု လုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”ဖြတ်သန်းဝင်ရောက်မှုကြောင့်ဘေးသင့် ဒေသများအတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်၍ ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကချင်ပြည်နယ်မှလည်း ပူးပေါင်းပါဝင်ကူညီလျက် ရှိသည့်အခြေအနေများကို ရှင်းလင်းပြောကြားကာ ဘေးသင့်ဒေသများအတွက် MBGA ဂေါက်ရိုက် အသင်းမှ အလှူငွေကျပ် (၁၃၃) သိန်း လှူဒါန်းမှုအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်း များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်အံ့ ဆိုသည့် ရည်မှန်းချက်၊ “ပညာရွှေအိုး လူမခိုး” ဆိုသည့် စကားပုံအတိုင်း သားတို့သမီးတို့အနေဖြင့် ပညာတတ်ပြီး ထူးချွန်သည့် ကျောင်းသား/ ကျောင်းသူများ၊ မိမိတို့ဒေသဖွံ့ ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော အနာဂတ်လူတော်လူကောင်းများ ဖြစ်လာစေ ရန် ရည်ရွယ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုလို ဝန်ထမ်းသားသမီးများကို ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး စာရိတ္တကောင်းမွန်သည့် ပညာတတ်များ ပေါ်ထွန်းလာရေး၊ အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်လာရေး ကြိုးစားဆောင်ရွက်ကြရန် သားသမီးတို့ကို အထူးမှာကြားလို ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ၏ သားသမီးတက္ကသိုလ်ဝင်တန်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူကြို ကျောင်းသား/ကျောင်းသူ (၁၇၉)ဦးတို့အတွက် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ လွယ်အိတ်၊ ထီး၊ ကျောင်းဝတ်စုံများနှင့် အတန်းအလိုက် တစ်ဦးချင်းထောက်ပံ့ငွေများဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသား တန်ဖိုး ကျပ် ၈၃၄၂၀၀၀ ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ဝန်ထမ်းများကိုယ်စား အကြီးတန်း စာရေးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်