တောင်သာမြို့၌ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား တတိယအကြိမ် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ပို့ချ

တောင်သာ  မေ ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီက တောင်သာမြို့အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအတွက် တတိယအကြိမ်အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ယမင်းတင်က ကျောင်းသားကျောင်းသူများအတွက် အခြေခံကိုယ်ကျင့်တရားကောင်းများ သိရှိလိုက်နာကျင့်သုံးတတ်စေရန်၊ (၃၈)ဖြာ မင်္ဂလာတရားတော်နှင့်အညီ ပြုမူနေထိုင်တတ်စေရန် ရည်ရွယ်၍ တတိယအကြိမ် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်း သား (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။     

သင်တန်းကာလမှာ မေလ ၂၉ရက်နေ့မှ ၃၁ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ ၁၁နာရီအထိ ဖြစ်ပြီး သင်တန်းနည်းပြဆရာမ (၃)ဦးမှ တောင်သာမြို့အခြေခံပညာအထက်တန်းကျောင်းမှ သင်တန်းတက်ရောက်ကြသော အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၈၀)ဦးအား ဘုရားရှိခိုးခြင်း၊ ဆွမ်းတော်၊ ရေတော်၊ ပန်းတော်၊ ဆီမီးတော် ကပ်လှူခြင်း၊  ဆုတောင်းခြင်းနှင့် အမျှဝေခြင်း၊ ဗုဒ္ဓဝင်အကျဉ်း၊ ရတနာ (၃)ပါးကျေးဇူး၊ ကံ ကံ၏အကျိုး၊ ဒုစရိုက်၊ သုစရိုက်နှင့် ပညာကြိယာဝတ္ထု၊ စသည့် သင်ခန်းစာများကို သင်ကြားပို့ချခြင်း၊ ပြန်လည် ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။   

ကျော်မျိုးနိုင်(တောင်သာ)