မြစ်ကြီးနား မေ ၃၁
ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်နှင့် လိုလားချက်များ ဖြည့်ဆည်းပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများနှင့် မေ ၃၀ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်၊ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် ကချင်ပြည်နယ်၌ တိုင်းရင်း သားဖိုရမ် ကျင်းပပြုလုပ်နိုင်ရန်၊ မိမိတို့၏ စာပေ၊ ယဉ်ကျေးမှုများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ရိုးရာဓလေ့ထုံးစံများ ထိန်းသိမ်းကာကွယ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြရေး တိုက်တွန်းပြောကြားသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသား များဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)စုနှင့် ရှမ်းမျိုးနွယ်စု (၅)စု၊ ဗမာမျိုးနွယ်စု စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများက အခြေခံပညာကျောင်းများတွင် စာပေသင်ကြားရေးလုပ်ငန်းများ၊ ဂျိမ်း ဖောစာပေသင်ကြားနိုင်ရေး သင်ရိုးညွှန်းတမ်းအသစ်ရေးဆွဲ ဆောင်ရွက်ထားရှိမှုများ၊ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများအား သင်တန်းဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော်များနှင့် ရိုးရာအထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်ရန် ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေထောက်ပံ့ပေးနေမှု ဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာငွေလိုအပ်ချက်များစသည့် တွေ့ကြုံရသည့် အခက်အခဲ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များကို တိုင်းရင်းသားမျိုးနွယ်စုတစ်ခုချင်းစီအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြညှိနှိုင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)