မြေပုံမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရန် ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေးပြုလုပ်

မြေပုံ  မေ ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးရန် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်က အမှာစကားပြောကြားရာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန်အတွက် ချေးငွေကို သတ်မှတ်ထားသည့် ချေးငွေထုတ်ချေးရေးကာလအတွင်း မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ထုတ်ချေးနိုင်ရန်နှင့် မှားယွင်းမှုမရှိစေရေး၊ စနစ်တကျဖြစ်စေရေးကို အလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးလှမြင့်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ချေးငွေညွှန်ကြားစာပါ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ထားသည့် ချေးငွေကာလအတွင်း မှန်ကန်မြန်ဆန်ထိရောက်စွာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြေပုံမြို့နယ်အတွင်း (၃၀-၅-၂၀၂၃)ရက်နေ့ထိ ချေးငွေပေးဆပ်ပြီးသူ(၁၅၇)ဦးအတွက် ချေးငွေအမှုတွဲများ ပြင်ဆင်ထားပြီးဖြစ်၍ ဆောလျင်စွာငွေထုတ်ချေးနိုင်ရန်အတွက် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ချေးငွေနှုန်းထားမှာ (၁)ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)နှုန်းဖြစ်ပြီး (၁၀) ဧကအထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ ငွေ(၁၀၀)ကျပ်လျှင် (၁)နှစ် (၅%)နှင့် သတ်မှတ်ရက်ကျော်လွန် ပေးဆပ်ပါက ဒဏ်တိုးငွေအဖြစ် ငွေ(၁၀၀)ကျပ်လျှင် (၅၀)ပြားနှုန်းဖြစ် ပြီး ပြန်လည်ပေးဆပ်ရမည့် နောက်ဆုံးပေးဆပ်ရက်မှာ ဧပြီလကုန်အထိဖြစ်ကြောင်း တင်ပြဆွေးနွေးကြောင်း သိရသည်။

တင်ဝင်း