မချမ်းဘော မေ ၃၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကျေးလက်ဒေသရှိလူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက နမ်ခမ်ကျေးရွာ ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပူတာအိုခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော ကျေးလက်နှင့် မြို့ပြနေ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်လာစေရန် ပြည်ပ သွင်းကုန်များ အစားပြည်တွင်းထုန်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းဖြင့် လူသုံးကုန်ပစ္စည်းများ စျေးနှုန်းများ ကျဆင်းလာစေရန် ထုတ်ကုန်ပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်းမီ ထုတ်လုပ်လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း ကြောင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် စသည့်အချက်များနှင့် သင်တန်းတွင်ပို့ချမည့် နည်းပညာ ဘာသာရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော် ဆပ်ပြာဆီ အဝတ်လျှော်ဆပ်ပြာအခဲ၊ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ Hand Gel၊ Hand Spray၊ ကိုယ်တိုက်ဆပ်ပြာအခဲ အစရှိသည့် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း (၁၃)မျိုးကို သင်တန်းနည်းပြများဖြစ်သည့် ခရိုင်ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ကျော် တို့က မေလ (၂၉) ရက်နေ့မှ ဇွန်လ (၂)ရက်နေ့အထိ (၅)ရက်တာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဒေသခံ သင်တန်းသူ(၂၀)ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မချမ်းဘောမြို့နယ်တွင် ပထမအကြိမ် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းကို နမ်ခမ်ကျေးရွာ ဒေသခံသင်တန်းသား (၂၂)ဦးဖြင့် မတ်လ ၂၀ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ထရန်ဒမ်းကျေးရွာ ဒေသခံသင်တန်းသား(၂၀)ဦးဖြင့် မေလ၈ရက်နေ့ မှ မေလ ၁၂ ရက်နေ့အထိလည်းကောင်း၊ ယခုတတိယအကြိမ်အဖြစ် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို မေလ ၂၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိလည်းကောင်း သင်ကြားပို့ချပေးလျက်ရှိပြီး ၄င်းသင်တန်းသည် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိကာ မိသားစုဝင်ငွေရရှိရုံသာမက တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)