ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံစေရန်အတွက်၊ မြို့နယ်အဆင့် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို၊ ယနေ့ နံနက်(၉) နာရီ က စံပြရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြို့မကွက်သစ် မူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ကျောင်းအပ်နှံစို့ သီချင်းဖြင့် စတင်ဖွင့်လှစ်ပေးကြပြီး၊ ညောင်ဦးခရိုင် ပညာရေးမှူး ကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်း လွင်က အမှာစကား ပြောကြားပြီး၊ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများကို ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများထံ တစ်ဦးချင်း ပေးအပ်ကြသည်။ ယင်းနောက် စံပြရပ်ကွက် မူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ပညာသည်သာ ရတနာ သီချင်းဖြင့် သရုပ်ပြ ဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ညောင်ဦးခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ စုစုပေါင်း ၂၁၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)