မလှိုင်မြို့နယ်၊ ဖက်ကုန်းကျေးရွာတွင် ယူရီယားမြေသြဇာ ထည့်သွင်းခြင်း၊ ကွင်းသရုပ်ပြပွဲကျင်းပ

မလှိုင် မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ဖက်ကုန်းကျေးရွာတွင် သင်ပုန်းဆည်ရေသောက်ဖြင့် စိုက်ပျိုးထားသော မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်ဧက(၅၀)နှင့် ဝါမျိုးသန့်အထူးအထွက်တိုးဇုံ နည်းပညာပေး စံပြကွက်(၅)ဧကအတွက် ယူရီယားမြေသြဇာ(၂၉)အိတ် ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ဖက်ကုန်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲမစတင်မီ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှူး ဒေါ်စန္ဒာလင်းက စိုက်ဧကပြည့်မီရေး၊ အထွက်နှုန်းတိုးတက်ရေးကိစ္စများနှင့် ပတ်သက်၍ ‌ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က တောင်သူများ၏ လိုအပ်ချက်များကို နိုင်ငံတော်မှပံ့ပိုးပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေ ဖြင့် အထွက်နှုန်းတိုးတက်ရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုက ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဆောင်ရန်/ရှောင်ရန်အချက်များ ယူရီယားမြေသြဇာ စနစ်တကျထည့်သွင်းနည်းများနှင့် ဆောင်ရွက်ရ မည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ယူရီယားမြေသြဇာ စနစ်တကျ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို  ဖက်ကုန်းကျေးရွာ ကွင်းအမှတ်(၃၈၂)၊ ဦးပိုင်အမှတ် (၄၀)ရှိတောင်သူ ဦးဖိုးတုတ်၏ B 31 ဝါစိုက်ခင်း၌ကျင်းပခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကကြည့်ရှု့ အားပေးခဲ့ကြသည်။

အဆိုပါသရုပ်ပြပွဲသို့ ဖက်ကုန်းကျေးရွာမှ မျိုးစေ့ထုတ်တောင်သူ(၄၃)ဦး၊ စိတ်ပါဝင်စားသူ (၂၀)ဦးနှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ စုစုပေါင်း(၈၀)ဦးတက်ရောက်ခဲ့ကြပြီး မလှိုင်မြို့နယ်တွင် ရွှေတောင်(၁၀)မျိုးစေ့ထုတ်(၅၀)ဧက၊ B 31(၃၆)ဧက ၊စုစုပေါင်းမိုးကြို ချည်မျှင်ရှည်ဝ(၈၆)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)