ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိမ်နင်းရေး အဘိတ်ဆေးခတ်

ကျိုင်းလပ် မေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိမ်နင်းရေးနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့်တာဝန်ရှိသူများက အ‌‌ခြေခံပညာကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက မိုးရာသီအတွင်း ခြင်ကိုက်ခြင်းကြောင့် အဖြစ်များလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါသည် ကလေး/လူကြီး၊ ကျား/မမရွေးဖြစ်ပွားနိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျောင်း၀င်းအနီးနားဝန်းကျင်တွင် ခြင်များမခိုအောင်းစေရန် ခြုံများအားခုတ်ထွင်ရှင်းလင်းစေခြင်း၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန် ရေများတင်ကျန်နိုင်သော တာယာစုတ်များ၊ အိုးခွက်၊ ရေပုံး၊ရေခွက်စုတ်များကို ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့်အသုံးပြုသည့် ရေအိုး၊ ရေစည်ရေတိုင်ကီနှင့်သောက်သုံးရေကန်များကို ခြင်များမခိုအောင်းနိုင်အောင် စနစ်တကျဖုံးအုပ်ထားရန် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။

မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာအုပ်စုများ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုလျော့နည်းစေရန် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မေဇင်ဦး (ကျိုင်းလပ်)