လင်းခေး မေ ၃၀
ယခုအချိန်အခါ နယုန်လနှောင်းပိုင်းကာလ၌ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နမ့်တုတ်ကျေးရွာမှ ဒေသထွက်သရက်သီးများ လှိုင်လှိုင်ပေါ်၍ ဆွတ်ခူးရောင်းချကြသည့် ကျေးရွာနေဒေသခံတောင်သူအချို့တို့ မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။
အဆိုပါ သရက်သီးများမှာ လင်းခေးဒေသအတွင်း နမ့်တုတ်ကျေးရွာရှိတောင်သူတို့သာ အများဆုံးစိုက်ပျိုးထားရှိပါကြောင်း ရောင်းချသူများက ပြောသည်။
“ကျမတို့က နမ့်တုတ်ရွာကပါ” ဒီသရက်သီးမျိုးက ရှမ်းဘာသာနဲ့ဆို “မတ်မုံစန့်ရစ်ပ်”၊ “မတ်မုံဆမ်ပီ”လို့ ခေါ်ပါတယ်ရှင်” မြန်မာလိုကသုံးနှစ်သရက်နဲ့ ဆင်နင်းသရက်လို့ခေါ်ရမှာပေါ့ရှင်” လင်းခေးမြို့နယ်အတွင်းမှာ ကျမတို့နမ့်တုတ်ကျေးရွာက အထွက်ဆုံးသရက်မျိုးတွေပဲဖြစ်ပါတယ်” ရောင်းစျေးက(၁၀) လုံးကိုကျပ်(၂၀၀၀ိ/-)ရောင်းပါ တယ်”၊ ဆင်နင်းသရက်ကချိုပါတယ်၊ သုံးနှစ်သရက်မျိုးက နဲနဲချိုချဥ်အရသာလေးပါရှင်”၊ ဆင်နင်းသရက်အလုံးအရွယ်အစားက သေးငယ်တဲ့အမျိုးဖြစ်ပါတယ်၊ အခြားနှစ်ရှည်ပင်သရက်သီးအကြီးစားမျိုးတွေနဲ့ မတူပဲပန်းရောင်သမ်းတဲ့ သရက်မျိုးဖြစ်ပြီး”၊ သုံးနှစ်သရက်မျိုးကတော့ အလုံးရှည်မျှော မျှောဖြစ်ပြီးစိမ်းဝါရောင်ရှိပါတယ်” ဟုဆိုသည်။
ဆက်လက်၍ “အခုလိုနယုန်လနှောင်းပိုင်းရောက်လာပြီဆိုရင် ဒီဒေသထွက်သရက်သီးတွေကို ကျမတို့ နမ့်တုတ်ကျေးရွာသူကျေးရွာသားတတွေ လင်းခေးမြို့စျေးကို နှစ်စဥ်လာရောက် ရောင်းချလေ့ရှိကြပါတယ်”၊ “ဒါကြောင့်ဒီသရက်သီးတွေပေါ်ချိန် ရာသီရောက်တိုင်း ကျမတို့တတွေ မိသားစုအပိုဝင်ငွေရရှိကြလို့ ပျော်ပါတယ်” ဟုသရက် သီးလာရောက်ရောင်းချကြသူ တောင်သူများထံမှ သိရပါသည်။
ဤဒေသထွက်သရက်အမျိုးအ စားများသည် လင်းခေးမြို့နယ် မြောက်ပိုင်းဒေသ၊ နမ့်တုတ်ရွာမှတပါးမြို့ပေါ်နှင့် တောင်ပိုင်းဒေသ အခြားနေရာများ၌ထွက်ရှိခြင်းမရှိသလောက် သရက်သီးမျိုးများဖြစ်ကြောင်း၊ အဆိုပါကျေးရွာအတွင်း သုံးနှစ်သီး၊ ဆင်နင်းသရက်ပင်များအပြင် မတ်မုံလမ်(ခေါ်)သရက်သီးနက်ပင်တို့ကိုလည်း တောင်သူများကစိုက်ပျိုးကြကာ သရက်သီးရာသီရောက်ရှိလာတိုင်း ၎င်းရောင်းချငွေဖြင့် မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေးခရိုင်)