ရပ်စောက် မေ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ပညာရေးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်)ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က(၁) ရပ်စောက်ကျောင်းမှ ကျောင်းသားကျောင်းသူများက (မြန်မာ့ကျောင်း) သီချင်းဖြင့် သီဆိုဂုဏ်ပြုကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ရပ်စောက်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (ကိုယ်ပိုင်ကျောင်းများအပါအဝင်) (၂၃၆) ကျောင်းရှိပြီး ဒေသခံပြည်သူ လူထု၊ ဆရာ၊ ဆရာမများနှင့် ရပ်မိရပ်ဖများ၏ ပူးပေါင်းပါဝင်မှုနှင့် ကြိုးစားအားထုတ်မှုများဖြင့် မေလနောက်ဆုံးပတ်ထဲ၌ ကျောင်းများအားလုံး ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ခဲ့ပြီး နိုင်ငံတော်၏ ရည်မှန်း ချက်ဖြစ်သည့် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ဟူသော ပညာရေးရည်မှန်းချက်နှင့်အညီ မြို့နယ်အတွင်းမှာရှိသည့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူမှုအခွင့်အရေး၊ အခွင့်အလမ်းရရှိစေရေးနှင့် တစ်ဦးချင်းအလိုက် အခြေခံပညာကို ရာနှုန်းပြည့်သင်ယူမှုရရှိနိုင်ရေး ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများပေါင်းစပ်ညှိနှိုင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့လိုအပ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-9နှင့် Grade-12 သင်ရိုးသစ်သင်တန်းများကိုလည်း အလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ၊ ဆရာမများအား မေလအတွင်းက သင်တန်းပေးပြီးဖြစ်ကြောင်း သိရှိရပါကြောင်း၊ ပညာရေးမြှင့်တင်မှုကို နိုင်ငံတော်အကြီးအကဲများ အနေဖြင့်အင်မတန်မှ အလေး ထားပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရပ်စောက်မြို့နယ်အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာတိုင်းတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး ပထမဦးဆုံးကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရပ်ကွက်/ကျေးရွာတွင်ရှိသည့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် အခွင့်အလမ်းများမဆုံးရှုံးစေရေးအတွက် အားလုံးမှဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးမောင်မြင့်က ကျောင်းအပ်နှံရေးလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီးနောက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ မူဆင့်ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများ၊ အားကစားပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။
ရပ်စောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူ၊ လယ်၊ ထက် ကျောင်းအပ်နှံမှုစုစုပေါင်း (ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်) ၁၉၃၃၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဆုမွန်