လယ်ဝေး မေ ၃၀
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည်ယမန်နေ့ ညနေပိုင်းက လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာသို့ရောက်ရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် အောင်မြင်ကုန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်းရှိ ရွာလယ်လမ်းမနှင့် လမ်းသွယ်များ လမ်းအကျယ်ချဲ့ရန်အတွက် တိုင်းတာနေမှုများအား ကြည့်ရှုစစ်ဆေး၍ လမ်းနှင့်မလွတ်ကင်းသည့် နေအိမ်ပိုင်ရှင်များ၊ ကျေးရွာသူ/သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီရှင်းလင်းဆောင်၌ တွေ့ဆုံညှိနှိုင်းရာ ရွာလယ်လမ်းမအကျယ်(၂၄)ပေ၊ ရွာတွင်းလမ်း (၁၈)ပေအကျယ်လမ်းချဲ့ရန် ကျေးရွာသူ/သားများနှင့် သဘောတူညီမှုရရှိခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ကျေးရွာပြည်သူများအနေဖြင့် နေအိမ်များအား အစိုးရမှထောက်ပံ့သော သွပ်နှင့်သစ်တို့အား အသုံးပြု၍ အမြန်ဆုံးဆောက်လုပ်ကြရန်၊ လမ်းချဲ့ခြင်းလုပ်ငန်းအား သက်ဆိုင်ရာဌာနမှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးပါက လျှပ်စစ်ဌာနမှ လျှပ်စစ်ဓါတ်တိုင်များအား အမြန်ဆုံးဆောင်ရွက်ပေးရန်၊ လျှပ်စစ်မီတာသုံးစွဲလိုသော ပြည်သူများမှ မီတာများလျှောက်ထားဆောင်ရွက်သွားရန်၊ လျှပ်စစ်မီးရရှိပါက သောက်သုံးရေနှင့် စားသောက်နေထိုင်ရေးအဆင်ပြေမည်ဖြစ်ကြောင်းနှင့် ကျေးလက်ဆေးပေးခန်း(ယာယီ) ဆောင်အား သွပ်အမိုးဖြင့်ဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာဌာနအလိုက် လေဘေးသင့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တံတားဦးကျေးရွာသို့ရောက်ရှိ၍ ရွာလယ်လမ်းနှင့် ရွာတွင်းလမ်းအား မြေပြင်ကွင်းဆင်းတိုင်းတာခြင်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ တံတားဦးကျေးရွာနေ ပြည်သူများ၏ သဘာထားရယူခြင်း၊ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)