လယ်ဝေးမြို့နယ်တွင် သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံ

လယ်ဝေး မေ ၃၀

ပြည်ထောင်စုနယ်​မြေ၊ လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ယနေ့နံနက်ပိုင်းမှစ၍ အမှတ်(၅) ရပ်ကွက်၊ အင်တိုင်းသာဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော် ဦး​ဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး  (Booster Dose)များကို ယနေ့နံနက်ပိုင်းတွင် သံဃာတော်နှင့် သီလရှင် ၉၀ ပါးအား ထိုးနှံပေးခဲ့ကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)