ပုဗ္ဗသီရိ မေ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ရဟန်း၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အောင်စည်သာပရိယတ္တိစာသင်တိုက်နှင့် ထူးကြီးပရိယတ္တိစာသင်တိုက်တို့၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ကြွချီတော်မူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။
ပုဗ္ဗသိရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်၊ သီလရှင်ကျောင်းတိုက်များမှ ရဟန်း၊ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အောင်စည်သာပရိယတ္တိ စာသင်တိုက်စုရပ်မှ သံဃာတော် ၉၅ ပါး၊ ထူးကြီးပရိယတ္တိစာသင်တိုက်စုရပ်မှ သံဃာတော် ၁၂၅ ပါး၊ စုစုပေါင်း သံဃာတော် ၂၂၀ ပါးအား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်မြောက် ထိုးနှံပေးပြီးကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)