ဥတ္တရသီရိ မေ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ယနေ့နံနက်ပိုင်းမှစ၍ ဝဇိရာနန္ဒသုဗောဓာရုံဘုန်းတော်ကြီးကျောင်းနှင့် ရာဇဓာနီသာမဏေကျော်ဘုန်းတော်ကြီးကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဝါဝါညွှန့်ရွှေ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များကို ယနေ့နံနက်ပိုင်းတွင် သံဃာတော်နှင့် သီလရှင်အပါး ၁၀၀ အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)