တံတားဦး မေ ၃၀
တံတားဦးခရိုင် တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာအုပ်စု၊ သင်ပန်းကျေးရွာ၊ ကြေးနီကျောင်း ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း မြေကွက်လပ်၌ မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃-ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပကြောင်း သိရသည်။
အဆိုပါမိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ၊ ဌာန ဆိုင်ဝန်ထမ်းများ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကျွန်း(၃၅)ပင် ၊ မြန်မာကုက္ကို(၃၅)ပင် ၊ သင်္ဘော ကုက္ကို(၂၀)ပင် ၊ စိန်ပန်း(၂၀)ပင် ၊ ဖျောက်ဆိပ်(၃၂)ပင် ၊ တမာ(၂၁)ပင် ၊ သရက်(၃၅)ပင် ၊ ဇီးဖြူ(၁၅)ပင် ၊ စုစုပေါင်း(၂၁၃)ပင်အား တပျော်တစ်ပါး စိုက်ပျိုးကြသည် ။
စိုက်ပျိုးသည့် သစ်ပင်များ ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ရေလောင်းခြင်းလုပ်ငန်းနှင့် လိုအပ်သည့် မြေဩဇာကြွေးခြင်း ၊ပေါင်းမြက်ရှင်းလင်းခြင်း လုပ်ငန်းများကို စနစ်တကျပြုစုထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးအောင်ရဲကျော်ထံမှ သိရသည် ။
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင် များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ် ကာကွယ်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ဌာနဆိုင်ရာများနှင့် စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)