မူဆယ် မေ ၃၀
၂၀၂၃ခုနှစ်၊ မေလ(၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရိုက်ခတ်သွားသော မိုခါ(MOCHA)မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှံးသွားသော ရခိုင်ပြည်နယ်မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့်လှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့နေ့လည်(၁း၀၀)အချိန်က ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက မိုခါမုန်တိုင်းရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများနှင့်လှူဒါန်းငွေများအား မုန်တိုင်းဒဏ်သင့်ပြည်သူများကိုယ်စား ကျေးဇူးတင်ကြောင်းနှင့် ထောက်ပံ့ပစ္စည်းများနှင့်လှူဒါန်းငွေများကို ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်းမည့် ပရဟိတအသင်းအဖွဲ့များအနေဖြင့် မြေပြင်တွင်အမှန်တကယ်လိုအပ်သော လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို ထိထိရောက်ရောက်သွားရောက် ပေးအပ်လှူဒါန်းကြစေရန် အဖွင့်အမှာစကားအနေဖြင့် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရွှေလီမြန်မာနိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ ဒုတိယဉက္ကဋ္ဌ ဉီးခင်မောင်သက်က မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် ကူညီထောက်ပံ့ငွေများ လှူဒါန်းဖြစ်ခြင်းအကြောင်းနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ပြီး မူဆယ်မြို့၊ အဆုံးမရှိလူမှုကူညီရေးအသင်းဉက္ကဋ္ဌ ဦးစိုးလွင်ဉီးက မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများရရှိရေးအတွက် အသင်းသူအသင်းသားများ ဆောင်ရွက်ပေးခဲ့ပုံတို့ကို ဆက်လက်တင်ပြဆွေးနွေးခဲ့ပါသည်။ယင်းနောက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ခရိုင်အဆင့်ဉက္ကဋ္ဌ ဦးဖိုးထောင်က မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူများထံသို့ လှူဒါန်းငွေများနှင့် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို အကျယ်တဝင့် တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် ပေးအပ်လှူဒါန်းခဲ့သော ထောက်ပံ့ပစ္စည်း များနှင့်လှူဒါန်းငွေများကို လက်ခံပေးခဲ့ကြောင်း သိရှိရပါသည်။
မိုခါမုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူများအတွက် ပေးအပ်လှူဒါန်းရန် အဆုံးမရှိလူမှုကူညီရေးအသင်းမှ အဝတ်အထည်(၁၀,၀၀၀၀၀)ထည်ကျော်ခန့်၊ ခြုံစောင်(၃၀၀)ခန့်၊ ခြင်ထောင်(၃၀၀)လုံး၊ ဖိနပ်ဆိုဒ်စုံ (၃၀၀)ရံနှင့်စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်း(၁၅၀)ကျော်ရရှိပြီး ရွှေလီကျောက်မျက်လုပ်ငန်းရှင်များအသင်း မှ ထောက်ပံ့လှူဒါန်းငွေ သိန်း(၁၀၀)ကျပ်နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မူဆယ်)မှ အဝတ်အထည် အိတ်(၁၅၀)၊ကျပ်သိန်း(၄၆၀)ခန့် ပေးအပ်လှူဒါန်းရန်ရရှိခဲ့ကြောင်း သိရပါသည်။ မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ မူဆယ်ခရိုင်မှ ခန့်မှန်းတန်ဖိုး သိန်း(၇၆၀)ကျော်ခန့် လက်ရှိမြေပြင်အထိ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားသို့ မူဆယ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိကြသူများ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့(မူဆယ်)၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ အလှူရှင်လုပ်ငန်းရှင်ကြီးများ၊ ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)