မော်လမြိုင် မေ ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်သားဖွားသင်တန်းကျောင်း တတိယအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်းမော်လမြိုင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းကျောင်းကို နိုင်ငံတော်၏ကျန်းမာရေးဆိုင်ရာမူဝါဒနဲ့အညီ ဒေသခံပြည်သူတို့၏ ရင်သွေးများဖြစ်သော လူငယ်များကို အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာရပ်ဖြစ်သည့် သူနာပြုနှင့်သားဖွားအတတ်ပညာများတတ်မြောက်စေ၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိမိတို့ဒေသရှိပြည်သူတို့၏ ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် စောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်ပြီး သူနာပြုလူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များပြားသည့်အတွက် မော်လမြိုင်မြို့၊ သားဖွားသင်တန်းကျောင်းအား (၂၀၁၈- ၂၀၁၉)ပညာသင်နှစ်မှစ၍ဖွင့်လှစ်ခဲ့ပြီး သူနာပြုသင်တန်းသား/သူများကို ပညာသင်ကြားပေးလျက်ရှိကြောင်း သူနာပြုနယ်ပယ်ကို ဝါသနာအရရော၊ မိမိတို့တစ်ဦးချင်းစီရဲ့ ဘဝရည်မှန်းချက်ထားရှိမှုအရရောဝင်ရောက်လာသူ မျိုးဆက်သစ်သူနာပြုသင်တန်းသား/သင်တန်းသူများကို သူနာပြုများရဲ့ အဆောင်အယောင်ဖြစ်သော ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပြီး သူနာပြုတာဝန်ဝတ္တရားများကို ယနေ့မှစ၍ ထမ်းဆောင်နိုင်ပြီလို့ တာဝန်ပေးလိုက်ခြင်းဖြစ်သည့်အတွက် လက်တွေ့လေ့လာရသောကာလတွေမှာ တာဝန်ကျရာကျန်းမာရေးဌာနတွေမှာ မိမိတို့သင်ယူတတ်မြောက်သည့် ပညာအဆင့်အလိုက် မကျန်းမာသူများကို မိမိတို့ကိုယ်တိုင်စောင့်ရှောက်ခွင့်ရကြပြီဖြစ်ကြောင်း သူနာပြုနဲ့သားဖွားပညာရေးကိုလည်း ဒီပလိုမာသင်တန်းမှသည် သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့လွန်သင်တန်းများ၊ သူနာပြုပါရဂူဘွဲ့လွန်သင်တန်းများကို ပြည်တွင်းရောပြည်ပမှာပါ လေ့လာသင်ယူနိုင်ကြောင်း၊ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းခံယူကြသော သင်တန်းသား/ သင်တန်းသူ (၃၉)ဦးတို့ဟာ "ယနေ့လူငယ်၊ နောင်အနာဂတ်ဝယ် တိုင်းပြည်အင်အား"ဖြစ်သဖြင့် မိမိတို့ အသက်မွေးဝမ်းကျောင်းပညာရပ်ကို အဆင့်မြင့်ပညာရပ်များ တတ်မြောက်နိုင်သည်အထိ အဆင့်ဆင့်တက်လှမ်းနိုင်အောင် ကြိုးပမ်းအားထုတ်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း သင်တန်းသား/ သူများအား အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပြီး သူနာပြုအတတ်ပညာလက်ဆင့်ကမ်းဆီမီးထွန်းညှိခဲ့သည်။ ဆက်လက်၍ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းခြင်းခံရသည့် သင်တန်းသား/သူများက သူနာပြုသစ္စာအဓိဌာန်ရွတ်ဆို၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က ဆုများရရှိကြသော သင်တန်းသား/သူများအား ဆုများအသီးသီးချီးမြှင့်၍ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းခြင်းခံရသည့် သင်တန်းသား/သူများက ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)