ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် စိုက်ထူထားသည့် ဆိုင်းဘုတ်များနှင့် ဆေးလိပ်သောက်ခွင့်ရှိသော နေရာ၊ သောက်ခွင့် မပြုသော နေရာများအား ကွင်းဆင်းစစ်ဆေး

ညောင်ဦး  မေ ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသတစ်ခွင် စိုက်ထူထားသည့် ဆိုင်းဘုတ်များနှင့်ဆေးလိပ် သောက်ခွင့် ရှိသောနေရာ၊ သောက်ခွင့်မပြုသော နေရာများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခွင် ဆေးလိပ်ငွေ့ကင်စင်ဇုန်ဖြစ်စေရေး  ယခင် (၉၂) နေရာ သတ်မှတ်ထားနိုင်ခဲ့ပြီး ယနေ့တွင်လည်း (၁၀)နေရာ ထပ်တိုး ၍ ဆေးလိပ်ငွေ့ ကင်းစင်ရေး ဆိုင်းဘုတ်စိုက်ထူအသိပညာပေးခြင်းနှင့် ဆေးလိပ်သောက်ခွင့်နေရာ သတ်မှတ်သည့် အလိုတော်ပြည့်ဘုရားဝင်း၊ ထီးလိုမင်းလိုဘုရားဝင်း၊ အာနန္ဒာ ဘုရားဝင်း၊ သိရိဇေယျဘူမိပုဂံနန်းတော်ဝင်းအတွင်း၊ Treasure စားသောက်ဆိုင်၊ သီရိပစ္စယာ ဟိုတယ်ဝင်းအတွင်း၊ ခေမင်္ဂဘုရားစုဝင်းအတွင်း၊ ရင်မနားဘုရားစုဝင်းအတွင်း၊ Heritage ဟိုတယ်ဝင်း၊ Auream Place ဟိုတယ်ဝင်းတို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆိုင်းဘုတ် စိုက်ထူထားသည့် နေရာများအား ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဦးညီမွန်း (ဒုတိယညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များ၊ ပုဂံဆေးလိပ်ငွေ့ကင်းစင်ရေး ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ ပညာပေးဆိုင်းဘုတ် စိုက်ထူသည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း