ရေး မေ ၃၀
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးကိုကိုဦး၊ မြို့နယ်ပညာရေးမှူးဦးမင်းဌေးဦး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောင်းသား/ ကျောင်းသူများမှ မြန်မာ့ကျောင်းသားသီချင်းဖြင့် အခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ်ပြီး ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းက ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံကြပါစို့ဟူသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးအတွက် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ သို့မှသာ မိမိတို့ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးနိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဦးမင်းဌေးဦးက ကျောင်းနေကလေးများအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုများ၊ အခမဲ့ပညာရေးစနစ်အကြောင်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းမင်း၊ မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးတို့က ကျောင်းအုပ်ဆရာ/ဆရာမကြီးများအား ကျောင်းသုံးစာအုပ်များနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရေးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၈၂)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်းရှိပြီး မေလ ၂၃ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ထိ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၃၅၆၃၇)ဦး လာက်ရောက်အပ်နှံပြီးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးမြင့်ပန်း