မော်လမြိုင် မေ ၃၀
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မော်လမြိုင်မြို့နယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ယုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦး၀င်းဇော်ဦးက ကျောင်းအပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပညာရေးမှူး မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌတို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် ကျောင်းဝတ်စုံများအား တာဝန်ရှိသူများ ထံပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် အလှူရှင်များ လှူဒါန်းငွေများအား တာ၀န်ရှိသူများက လက်ခံခဲ့ကြပြီး အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းဖွင့်ပြီ” တေးသီချင်းဖြင့် လည်းကောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြသည်။
၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သော မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းနေအရွယ်ကလေး စာရင်းကောက်ယူပြီး ဇွန်လ ၂၉ ရက်နေ့အထိ အထက်တန်းဆင့် ၅၅၆၁ ဦး၊ အလယ်တန်းဆင့် ၉၆၄၉ ဦး၊ မူလတန်း ဆင့် ၃၄၀၃၉ ဦး စုစုပေါင်း ၄၉၂၄၉ ဦး လာရောက်ကျောင်းအပ်နှံခဲ့ကြောင်းနှင့် ပုံနှိပ်စာအုပ် ၄၀၃၀၀ စုံ၊ ကျောင်း၀တ်စုံ ၃၇၀၀၀ စုံ၊ ဗလာစာအုပ် ၃၆၅၀၀ ဒါဇင်၊ ခဲတံ ၂၁၀၀၀ ဒါဇင်၊ ဘောပက် ၈၉၀၀ ဒါဇင်တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)