ပေါက်တောမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ပေါက်တော မေ ၂၉

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း လူနေအိမ်များ၊ ကျောင်းများ၊ အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာဗိုလ်မှူးချုပ်ဆန်နီအုန်းက ပေါက်တောမြို့နယ်၌ ကျောင်းဖွင့်ရာသီနီးလာပြီးဖြစ်၍ ကျောင်းဖွင့်ရက်မတိုင်မီ ပျက်စီးသွားသည့်ကျောင်းများအား အမြန်ဆုံး ပြုပြင်ပြီးစီးနိုင်ရန် ဦးစားပေးပြင်ဆင်လျက်ရှိကြောင်း၊ ဆေးရုံ၊ ဆေးခန်းများ၊ သာသနိကအဆောက်အဦများ၊ ရုံးအဆောက်အဦးများ၊ လူနေအိမ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင်လည်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကူညီဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မုန်တိုင်းသင့် ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများအား ဆန်နှင့်စားသောက်ဖွယ်ရာများကို လက်ဝယ်အရောက် ထောက်ပ့ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျန်အေး  မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု၊ ဆောက်လုပ်ဆဲအခြေအနေနှင့် မုန်တိုင်းသင့် ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်မှုများတင်ပြသည်။ ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့ကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍  လိုအပ်သည်များကို ဗိုလ်မှူးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ​မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု (၅၈) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်းသိရသည်။

ဝင်းမင်းစိုး