မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲကြီး စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရန်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် မေ ၃၀

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်ပူးပေါင်းတင်ဆက်မှုဖြင့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ဌာနဆိုင်ရာများညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကနှင့် ဥက္ကဋ္ဌ၊ ရုပ်ရှင်ဒါရိုက်တာများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဦးဌေးအောင်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတို့ကနှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ပုံငွေပဒေသာကပွဲကြီးစည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရန်ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်မှတာဝန်ရှိသူများက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

ရန်ပုံငွေပဒေသာကပွဲကြီးကို ဇွန် ၂ ရက်မှ ၄ ရက်အထိ သုံးရက်တိုင် ညနေ ၆ နာရီမှ ၉ နာရီခွဲအထိ ဖျော်ဖြေသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးကြမည့် ပြည်သူများသွားလာရေးအဆင်ပြေချောမွေ့စေရန် YBS ယာဉ်လိုင်းများနှင့် တက္ကစီများစီစဥ်ထားရှိမှု၊ ရန်ပုံငွေပဒေသာကပွဲကြီးမစတင်မီနှင့် ဖျော်ဖြေနေစဉ်အတွင်း သဒ္ဓါတရားထက်သန်သည့် အလှူရှင်များလှူဒါန်းနိုင်ရန် စီမံဆောင်ရွက်ထားမှု၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် လက်မှတ်များရရှိနိုင်ရန်စီမံဆောင်ရွက်ထားမှုတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ယူဆောင်ရွက်နေသူများက တင်ပြဆွေးနွေးကြသည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသမှပြည်သူများအတွက် အမျိုးသားဇာတ်ရုံတွင်ကျင်းပမည့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲကြီးတွင် လက်မှတ်များကို ငွေကျပ် ၅၀၀၀ မှ ၃ဝဝဝဝ အထိ မေ ၂၉ ရက်မှစတင်၍အမျိုးသားကဇာတ်ရုံနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့တွင် ရောင်းချပေးလျက်ရှိပြီး ငွေကျပ် ၅၀ဝ၀ အတွက် ထိုင်ခုံ ၄၈၂ လုံး၊ ငွေကျပ် ၁၀၀၀၀ အတွက် ထိုင်ခုံ ၁၃၆ လုံး၊ ငွေကျပ် ၂၀၀၀၀ အတွက်ထိုင်ခုံ ၁၀၂ လုံး၊ ငွေကျပ် ၃၀၀၀၀ အတွက် ထိုင်ခုံ ၃၀၈ လုံးတို့ကို ရောင်းချပေးလျက်ရှိသည်။ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးမှ အနုပညာရှင်တို့၏ စုပေါင်းအားဖြင့်ဖျော်ဖြေတင်ဆက်သွားမည့် ရန်ပုံငွေပွဲကြီးအတွက်မေ ၃၀ ရက်တွင် အနုပညာရှင်များဇာတ်တိုက်

လေ့ကျင့်သွားမည်ဖြစ်ပြီး အနုပညာရှင်တို့၏ စည်းလုံးညီညွတ်မှု၊ ပြည်သူအတွက် အနုပညာစွမ်းအားဖြင့် အစဉ်ပေးဆပ်မှုတို့ဖြင့် ရန်ပုံငွေပွဲကြီးတွင် ရုပ်ရှင်၊ ဂီတ၊ သဘင်မှအနုပညာရှင်တို့၏ စွမ်းရည်ကိုတွေ့မြင်ရမည်ဖြစ်ရာ အဆိုပါ ပဒေသာကပွဲမှရရှိသော ရန်ပုံငွေများအား မိုခါမုန်တိုင်းဒဏ်သင့်ဒေသမှ ပြည်သူတို့အတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)