ဇေယျာသီရိမြို့နယ်၌ စားသုံးသူကာကွယ်ပေးရေးဥပဒေများနှင့် လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များအား အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ မေ ၃၀

နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ပေးရေးဥပဒေများနှင့် ‌လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များအား ပြည်သူများသိရှိစေရန် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့မွန်းလွဲပိုင်းက ဟောပြောခဲ့သည်။

ဟောပြောပွဲတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမြင့်နိုင်က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှု့ရမည့် သိသင့်သိထိုက်သည့် အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်၊ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အချက်အလက်များအား ရှင်းလင်းဟောပြောခဲ့ပြီးနောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်သူများနှင့် ဒေသခံလုပ်ငန်းရှင်များက သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၄၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)