တာမွေ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လေးများအား “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆိုသည့် ဆောင်ပုဒ်အတိုင်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (မြို့နယ် အဆင့်) ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ “(၃၈)ဖြာမင်္ဂလာ” ရေးဖြေပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူများအား အခမဲ့ဖြန့်ဝေသော ကျောင်းသုံး ပစ္စည်းများအား ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်က လက်ခံရယူခဲ့သည်။ ထို့နောက်တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာမွေမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/သူများ၊ ၎င်းတို့၏မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်