မိုင်းတုံ မေ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနည်းစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အထက မိုင်းတုံစာသင်ကျောင်းဝန်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးရာသီကာလ သွေးလွန်တုပ်ကွေးသည် ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားပြီး ၎င်းကောင်းမှတစ်ဆင့် လူသားတို့ကို အကိုက်ခံရခြင်းမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို များသောအားဖြင့် တွေ့မြင်ကြရခြင်း ဖြစ်သည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ စာသင်ခန်းတွင် ခြင်ခိုအောင်းမှုမရှိစေရန် ခြင်ဆေးငွေ့မှုတ်ပေးခြင်း၊ ရေလှောင်ကန်များ၊ ရေပီပါများ၊ ရေပုံးများ၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း၊ ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များစသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ရပ်ကွက်များကိုလည်း ဆက်လက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာ သက်ခိုင်မင်းထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)