စဉ့်ကူး မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို စဉ့်ကူးမြို့ အခြေခံပညာအထက်တန်း ကျောင်း ရွှေရတုခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်ကျောင်းခွဲ (နွယ်ရုံ)မှ ကျောင်းသား ကျောင်းသူလေး များက “ဘက်စုံပညာရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်က ကျောင်းအပ်နှံမှုအခြေအနေများနှင့် ပြောင်းလဲနေသော ပညာရေးစနစ် အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူလေးများအတွက် ကျောင်းဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် အတွင်းရေးမှူး ရဲမှူးဇော်နီချစ်တို့က သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး စဉ့်ကူးမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခြေခံပညာအထက်ကျောင်းခွဲ (ညောင်ဝန်း)မှ ကျောင်းသား ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)