မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော မြို့နယ်များမှ ဝင်ရောက်လာသူများအနေဖြင့် ကျန်းမာရေး ထောက်ခံချက်နှင့် သက်ဆိုင်ရာ ရပ်/ကျေး ထောက်ခံချက် မပါရှိသူများအား Facility Quarantine ထားရှိမှုအခြေအနေများ၊ ကုန်တင်ယာဉ်များအား ညအိပ်ရပ်နားခွင့်မပြုဘဲ ကုန်ပစ္စည်းချပြီးပါက ချက်ချင်းပြန်လည်ထွက်ခွာနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ကုန်တင်ယာဉ်များအနေဖြင့် ကုန်ပစ္စည်းချရာတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ကုန်တင်ကုန်ချလုပ်သားများ ထိတွေ့မှု မရှိစေရေး၊ ကုန်တင်ယာဉ်နှင့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာကုန်ပစ္စည်းပိုင်ရှင်အနေဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ရေး၊ သံသယ လူနာများနှင့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးပေးမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသာ မြို့တွင်းဝင်ရောက်ခွင့်ပြုနိုင်ရေး၊ Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးစဉ် ရောဂါပိုးတွေ့ရှိသော ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များအား Facility Quarantine ထားရှိနိုင်ရေး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူက စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား ပါဆယ်စနစ် ရောင်းချမှုရှိ၊ မရှိစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေး ဂိတ်များတွင် ခရီးသည်တင်ယာဉ်လိုင်းများနှင့် ဖြတ်သန်းသွားလာသူများအား နေ့၊ ည မပျက် စောင့်ကြည့် စစ်ဆေး ဆောင်ရွက်ရန်၊ ခရီးသွားရာဇဝင်များစစ်ဆေး၍ မှတ်တမ်းရယူရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရန် စသည့်အချက်များ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)