ဆီဆိုင်မြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဆီဆိုင် မေ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ ရေထွက်ပင်ရင်းမှ နွေရာသီရေခန်းခြောက်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ ရေထွက်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိတို့က သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများထံ ပျိုးပင်များအသီးသီးပေးအပ်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် ကျွန်း(၅၀)ပင်၊ ခါတော်မှီ(၁၀၀)ပင်၊ ရေတမာ(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ စိန်ပန်းပြာ(၁၀၀)ပင်၊ စိန်ပန်းနီ(၁၀၀)ပင်နှင့် မျောက်ငို(၁၀၀)ပင် စုစုပေါင်းပျိုးပင်ပေါင်း (၆၅၀)ပင်ကို တပျော်တပါးစိုက်ပျိုးပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာပေယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)