ရန်ကုန် အောက်တိုဘာ ၇
လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု ပိုးတွေ့လူနာ များပြားလာလျက်ရှိပြီး Stay at Home ကာလအတွင်း အလုပ်အကိုင်ပျက်၍ ဝင်ငွေနည်းပါးသူများနှင့် မရှိနွမ်းပါး အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိရာ အဆိုပါ ပြည်သူများ၏ စားသောက်ရေးကိစ္စ အဆင်ပြေစေရေး အတွက် ပရဟိတများနှင့် စေတနာရှင်များက တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့မှုများရှိသလို၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ ဒေသခံပြည်သူများ၏ အခက်အခဲများကြောင့် ထောက်ပံ့လှူဒါန်းနိုင်ရန် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။ ဓာတ်ပုံ- သပြေကုန်းကျေးရွာရှိ မသန်စွမ်းကလေးငယ်များကို အလှူရှင်တစ်ဦးက လိုက်လံ လှူဒါန်းပေးနေစဉ်။
ဒလမြို့နယ်၌ ကိုယ်အင်္ဂါ၊ အမြင်အာရုံနှင့် အကြားအာရုံ ချို့တဲ့သူ မသန်စွမ်းသူဦးရေ စုစုပေါင်း ၂၆၀ ကျော်ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသော ကာလအတွင်း ၎င်းတို့၏ မိသားစုဝင်များ၏ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ထောက်ပံ့ကူညီမှု မရှိသည့်အတွက် စားသောက်ရေး အခက်အခဲများလည်း ကြုံတွေ့လျက်ရှိကြောင်းသိရသည်။
“ကျွန်တော်တို့ကျေးရွာမှာဆို Stay at Home သတ်မှတ်ထားချိန်မှာ အလုပ်အကိုင်များပျက်၍ အဆင်မပြေ မှုတွေနဲ့ ကြုံတွေ့နေရသူ အများအပြားရှိပါတယ်၊ အဲ့ဒီအထဲကမှ လုံးဝအဆင်မပြေနေသူများ၊ အတန်အသင့် အဆင်မပြေ နေသူများ စသည်ဖြင့် အဆင့်ဆင့်ခွဲ၍ တစ်ကြိမ်ပြီတစ်ကြိမ် အခြေအနေအလိုက် ထောက်ပံ့ လှူဒါန်းနိုင်ရန် အတွက် ကျွန်တော်တို့အဖွဲ့ စာရင်းပြုစုခဲ့ပါတယ်၊ အချိန်မီထောက်ပံ့ပေးနိုင်အောင်လဲ ကျေးရွာအတွင်းရှိ ပံ့ပိုးလှူဒါန်း လိုသူများထံမှ လှူဒါန်းငွေများကို လိုက်လံကောက်ခံလျက်ရှိတယ်၊ လိုအပ်နေသူများအတွက် ထောက်ပံ့ ကူညီလှူဒါန်း လိုသူများရှိပါက ကျွန်တော်တို့ကို ဆက်သွယ်လှူဒါန်းပေးကြဖို့ အသိပေးပါတယ်၊ အမှန်တစ်ကယ် လိုအပ်နေသူများ အတွက် အချိန်ကိုက်ပံ့ပိုးပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” သပြေကုန်းကျေးရွာရှိ ဒေသခံပြည်သူတစ်ဦး ဖြစ်သူ ဒေါက်တာ မြင့်ကြိုင်က ပြောကြားခဲ့သည်။
“မရှိနွမ်းပါး လက်လုပ်လက်လုပ်စား အတိုင်အတာအနေနဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိနေပါတယ်၊ တစ်နေ့လုပ်မှ တစ်နေ့စားတဲ့ မိသားစုတွေဖြစ်တဲ့အခါကျတော့ ရက်ရှည် စားဝတ်နေရေးမှာ ကျပ်တည်းတယ်၊ တစ်ချို့ဆိုရင် ဆန်ပြုတ်သောက်ဖို့ ဆန်တောင်မရှိဘူး၊ အဲ့လောက်ထိ အခြေအနေက ဆိုးဝါးပါတယ်၊ ဒါလေးတွေကို တက်နိုင် သလောက် ကျွန်တော်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြင်ပစေတနာရှင်များရဲ့ ချိတ်ဆက်ကူညီဆောင်ရွက်မှုနဲ့ ဆန်၊ ဆီ၊ ဆား လေးတွေကို တစ်ကယ် စားဖို့အခက်အခဲဖြစ်နေတဲ့ သူတွေရဲ့ လက်ထဲရောက်အောင်ပံ့ပိုးပေးတယ်၊ လက်ရှိမှာ အများအတိုင်အတာထိ မထောက်ပံ့နိုင်သေးဘူးပေါ့ ” ဟု အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့် က ဆိုသည်။
“အိမ်မှာပဲနေကြဖို့ ထုတ်ပြန်ပြီးတဲ့နောက် လူတွေက လိုက်နာကြပါတယ်၊ ပထမအကြိမ်က ၁၄ ရက်တိုးမြှင့် လိုက်တဲ့ အတိုင်အတာမှာ ပထမတစ်ကြိမ်မှာတင် လူတွေက စားဝတ်နေရေး ကျပ်တည်းနေတာ၊ ဒုတိယ အကြိမ်ထပ်ပြီး ၁၄ ရက်တိုးမြှင့်လိုက်တော့ ပိုပြီးတော့ ဒုက္ခရောက်ကုန်ကြတယ်၊ လက်ရှိမှာလည်း ဒလမြို့နယ် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ပိုးတွေ့ရှိသူ များပြားလာတဲ့အတွက်၊ စားဝတ်နေရေးကျပ်တည်းတာတစ်မျိုး၊ အလုပ်အကိုင်ကလည်း မရှိတာတစ်မျိုး၊ ဒါတွေကို ဒေသခံပြည်သူအများစု ခံစားနေရတဲ့ ဒုက္ခတွေဖြစ်ပါတယ် ” ၎င်းက ဆက်လက်၍ ပြောပြသည်။
ဒလမြို့နယ်၌ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တစ်ဖြည်းဖြည်းတိုးလာလျက်ရှိသလို စောင့်ကြည့် လူနာများလည်း များပြားလာလျက်ရှိရာ (Stay at Home) ကာလအတွင်း ဒေသခံပြည်သူ အများစုမှာ စားသောက်ရေး အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိခြင်းကြောင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်များ၊ ပရဟိတ အဖွဲ့အစည်းများအနေဖြင့် အဆိုပါ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ သို့ လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လည်းကောင်း ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်းသိရသည်။
လက်ရှိအချိန်ထိ ဒလမြို့နယ်၌ အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းအချိန်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု ပိုးတွေ့လူနာ စုစုပေါင်း ၅၂၃ ဦးအထိရှိပြီး၊ ကျန်းမာရေးကောင်းမွန်ပြီ ပြန်လည်စေလွှတ်သူ ၈၁ ဦး၊ သက်ဆိုင်ရာ ဆေးရုံများတွင် ကုသမှုနှင့် ပြသလျက်ရှိသူ စုစုပေါင်း ၄၃၁ ဦးနှင့် သေဆုံးသူ ၁၁ ဦးအထိ ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီမှ သိရသည်။
ထို့အတူ ဒလမြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း ၁၉ ခုတွင် စောင့်ကြည့် လူနာ စုစုပေါင်း ၆၉၇ ဦးရှိကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)