ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ လမ်းသွယ်များအား စုပေါင်းရှင်းလင်းရေး ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံ

စစ်တွေ    မေ   ၃၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ စစ်တွေမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးတို့နှင့်အတူ မေလ ၂၈ ရက်နေ့မွန်းလွဲပိုင်းက စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့ အစည်းများမှ အဖွဲ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား ရှင်းလင်းရေး‌ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မုန်တိုင်းမတိုက်ခတ်မီ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ လူမှုရေးအဖွဲ့များဖြင့် ပူးပေါင်းကာ ရွှေ့ပြောင်းရေးများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းကာလကို ကျော်လွန်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ မုန်တိုင်းကျော်လွန်ပြီးနောက် ရှင်းလင်းရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ တပ်မတော်၊ မြန်မာနိုင်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးအသီးမှ တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် စစ်တွေမြို့၏ အဓိကလမ်းမကြီးများအား ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊  ရပ်ကွက်များရှိ လမ်းသွယ်၊ လမ်းကြားများအား ရှင်းလင်းရေးဆောင်ရွက်ရာတွင် လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများကပါ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ လိုအပ်သောစက်ယန္တရားများကို မိမိတို့အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူအားလုံး ပူးပေါင်းပါဝင်သည့်စနစ်ဖြင့် မိမိရပ်ကွက်၊ ရပ်ရွာသန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီး ဦးသန်းထွန်းနှင့် ဗိုလ်မှူးချုပ်အောင်ကျော်မိုးတို့က သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အဓိကလမ်းမကြီးများ အားရှင်း လင်းရေးဆောင်ရွက်နေမှု ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် လူမှုရေးအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက မိမိတို့အဖွဲ့အစည်းအလိုက် ရှင်းလင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ ဝင်္ကဘာကွင်းရှိအမှိုက်များနှင့် စစ်ကဲလမ်း၊ ဆတ်ရိုးကျတံတားအနီးရှိ အမှိုက်များအား စုပေါင်းရှင်းလင်းနိုင်ရေးကွင်းဆင်းကြည့်ရှုကြသည်။

အလားတူ စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ လမ်းသွယ်များကိုလည်း ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)