မောက်မယ် မေ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားလုပ်သားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများတို့က ယနေ့နံနက်၇နာရီမှစ၍ စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက အိမ်တိုင်းတွင်ထားရှိသော ဘုရားပန်းအိုးများ၊ မိုးရေများတင်ကျန်နိုင်သည့်တာယာခွံ၊ ရေအိုးဟောင်းများနှင့်ဗူးခွံများတွင် ရေများတာရှည်စွာမထားနိုင်ရေး ဆောင်ရွက်ပေးကြရန်၊ အိမ်ခြံဝန်းအတွင်းရှိအမှိုက်ချုံနွယ် ပေါင်းမြက်များရှင်းလင်းစေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်စေခြင်း၊ ပိုးလောက်လန်းသေ(Abate) အဘိတ်ဆေးများခတ်ပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်စေရေး၊ ကျန်းမာရေးဝန်ထမ်းများတို့က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)