လားရှိုးတွင် မိုးစပါး၊ ပြောင်း၊ မြေပဲ၊ နေကြာ၊ ပဲပုတ် စံပြစိုက်ခင်းများ စိုက်ပျိုး၍ တောင်သူများအား ပညာပေးဆောင်ရွက်မည်

လားရှိုး မေ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီကာလအတွင်း မိုးစပါး၊ ပြောင်း၊ မြေပဲ၊ နေကြာနှင့် ပဲပုတ်တို့ကို စံပြစိုက်ခင်းများစိုက်ပျိုး၍ တောင်သူပညာပေးအနေဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းမှာ တောင်သူတွေကို မိုးစပါးစံပြကွက် ဧက(၂၀)၊ မိုးအစေ့ထုတ်ပြောင်း ဧက(၂၀)၊ မိုးမြေပဲ ဧက(၁၀)ဧက၊ မိုးနေကြာ (၅)ဧက၊မိုးပဲပုတ် ဧက(၂၀)ကို တောင်သူပညာပေး စံပြကွက်တွေအနေနဲ့ စိုက်ပျိုးသွားမှာပါ။ အဓိကသီးနှံဆယ်မျိုးကိုတော့ ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ စပါးဆိုရင်လည်း မျိုးကောင်းမျိုးသန့်တွေ ဖြန့်ဖြူးပြီးတော့ ဆက်စပ်ဆောင်ရွက်နေတာတွေရှိပါတယ်” ဟု  လားရှိုးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မှူး ဦးစိုင်းတိုးတိုး ကပြောသည်။

လားရှိုးမြို့နယ်အတွင်းတွင် မြေယာအသုံးချမှုအနေဖြင့် အသားတင်စိုက်ပျိုးမြေဧကပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိပြီး လယ်စပါးဧကသုံးသောင်းကျော်၊ အစေ့ထုတ်ပြောင်းဧက ခြောက်သောင်းကျော်နှင့် ဆီထွက်သီးနှံအနေဖြင့် မြေပဲ၊ နေကြာ၊ ပန်းနှမ်း ဧကတစ်သောင်းကျော်တို့ကို  အဓိကစိုက်ပျိုးလျက်ရှိနေကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)