ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အဆင်ပြေစေရေး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ချောင်းဆုံ မေ ၂၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ချေးငွေများထုတ်ပေးလျက်ရှိရာ မေလ ၂၉ ရက်နေ့က ကုလားဘီကျေးရွာရှိ တောင်သူ(၄၈)ဦးအား ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရာတွင် စပါးစိုက်ဧက(၁)ဧကလျှင် ငွေကျပ်(၁)သိန်း (၅)သောင်းနှုန်းနှင့် တောင်သူ(၁)ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ပေးနေကြောင်း၊ အချိန်မီစိုက်ပျိုးနိုင်ပြီး အရည်အသွေးပြည့်မီစွာ အထွက်တိုးရန်အတွက် ချေးငွေများကို လယ်ယာလုပ်ငန်းခွင်အတွင်း အကျိုးရှိရှိအသုံးချစေလိုကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) မန်နေဂျာဒေါ်သီတာထွန်းက ပြောသည်။

အဆိုပါ ချေးငွေများကို ယနေ့အထိ မြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာမှ တောင်သူ(၉၄)ဦး၊ လယ်ဧက(၆၁၃)ဧကအတွက် ချေးငွေ(၉၁၉၅၀၀၀၀)ကျပ် ထုတ်ချေးပေးခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ချောင်းဆုံမြို့နယ်ရှိ မိုးစပါးစိုက်ဧက(၄)သောင်းအတွက် ချေးငွေကျပ်သိန်း(၆)သောင်းခန့် ထုတ်ချေးနိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)