၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်‌ကျောင်းအပ်နှံရေး‌နေ့အခမ်းအနား ကော့မှူး၌ကျင်းပ

ကော့မှူး မေ ၂၉

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြိုနယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဒေဝ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးထွန်းဇော်မင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကော့မှူးမြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်ကကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ ရည်မှန်းချက်များ၊ “ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှမေလ(၃၁)ရက်နေ့အထိ သတ်မှတ်ပြီး‌အ‌ခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုကိုလက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊‌ ကျောင်းအပ်နှံရာတွင် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကိုနိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးထားသည့်ပစ္စည်းများအား ကျောင်းအပ်နှံသော ကျောင်းသား/ ကျောင်းသူများထံသို့ထုတ်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူမိဘများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)