စဉ့်ကိုင် မေ ၂၉
၂၀၁၉ပညာသင်နှစ်နှင့်၂၀၂၂ ပညာသင်နှစ်အတွက် အဝေးသင်သင်တန်းအောင်မြင်ခဲ့ကြသည့် မောင်မယ်များအားဘွဲ့များအပ်နှင်းလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအတွင်းရှိ ကျောက်ဆည်တက္ကသိုလ်တွင်အဝေးသင်သင်တန်းတက်ရောက်ခဲ့သည့်မောင်မယ်များအား(ပထမ)ကြိမ်ဘွဲ့နှင်းသဘင်ပေးအပ်ပွဲကိုမေလ(၂၉)ရက် မွန်းလွဲ(၁)နာရီက ဧကရာဇ်ဘွဲ့နှင်း သဘင်ခန်းမဆောင်တွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦးနှင့်တကွ စီမံခန့်ခွဲရေးအဖွဲ့၀င်များ၊ ပညာရေးအဖွဲ့၀င်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများကဘွဲ့နှင်း သဘင်စင်မြင့်ရှိသတ်မှတ်နေရာအသီးသီး၌နေရာယူခဲ့ကြပြီး တက်ရောက်လာသူများနှင့်အတူ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။ ပါမောက္ခချုပ်ကအမိနိုင်ငံတော်ကြီးခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသအလိုက်အကျိုးပြုလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာပညာရေးကဏ္ဍမှာလည်း သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမိတက္ကသိုလ်က ပညာရေးကဏ္ဍစာပေသင်ကြားမှု၊ သုတေသနပြုမှုလုပ်ငန်းတာ၀န်သာမကဘဲလူ့ဘောင်အဖွဲ့အစည်းကို အကျိုးပြုတာ၀န်ယူမှုဆိုတဲ့ တတိယတာ၀န်ကိုလည်းသင်ကြားပေးအပ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးအဖွဲ့က ထောက်ခံချက်ပေးပြီးဖြစ်သောဘွဲ့များကို မောင်မယ်တို့အား အပ်နှင်းလိုက်သောအခါ နေ့စဉ်နေ့တိုင်းပြောဆိုမှု၌ တက္ကသိုလ်ကျောင်းထွက်များနှင့် သင့်လျော်ထိုက်တန်စွာ နေထိုင်ပြောဆိုကြမည်ဟု ရိုးသားဖြောင့် မတ်စွာကတိပြုကြပါမည်လော၊ ကိုယ်ကျင့်တရား ကောင်းမြတ်မှုနှင့်မွန်မြတ်သောပညာရှာမှီးမှု ကို အခွင့်အရေးအစွမ်းသတ္တိရှိသမျှထိန်းသိမ်းဆောင်ရွက်ပါမည်ဟု ကတိပြုကြပါမည်လော၊ လူနှင့်လူ့အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းသာယာ၀ပြောရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်း သတ္တိရှိသမျှဆောင်ရွက်ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ကတိပြုကြပါမည်လောစသည့်မေးခွန်းများကို မေးမြန်းခဲ့ရာမောင်မယ်များကလည်းကတိပြုခဲ့ကြသည်။
ဆက်လက်၍ပါမောက္ခချုပ် ဒေါက်တာရီရီဦးက သင်တန်း၌ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့ အထူးပြု ဘာသာရပ်အလိုက် တက်ရောက်ဘွဲ့ ရရှိသူ(၅၁၉၀)ဦးနှင့် အဝေးရောက်ဘွဲ့(၈၃)ဦးကိုလည်း တက္ကသိုလ်ဆိုင်ရာဘွဲ့ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာရီရီဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့၀င်များ၊ပညာရေးအဖွဲ့၀င်များ၊ သဟာရအဖွဲ့၀င်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး အဝေးသင်သင်တန်းအောင်မြင်သည့် မောင်မယ်များအားဘွဲ့များအပ်နှင်းရာတွင် မေလ(၂၆)ရက်နေ့မှဇွန်(၆)ရက်နေ့အထိအထူးပြုဘာသာရပ်အလိုက်ဘွဲ့များကိုပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)